မိသားစုကိုယ်ပိုင်အထက်တန်းကျောင်း (မကွေး) ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်ကျောင်းသား ကျောင်းသူများ စုပေါင်းစီစဉ်သော အာစရိယပူဇော်ပွဲကို ၁၅.၇.၂၀၂၅ ရက်နေ့ နံနက် ၉ နာရီတွင် မကွေး မိသားစုကိုယ်ပိုင်ကျောင်း ဘုရင့်နောင်ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားစတင်ဖွင့်လှစ်ရာတွင် ကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦးက အခမ်းအနားဖြစ်မြောက်ရေး ကြိုးစားဆောင်ရွက်ခဲ့ရသည့် အကြောင်းကို ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် ဆရာ ဆရာမများအား ကန်တော့ချိုးဖြင့် ညီညာစွာ ဦးချကန်တော့ခဲ့ကြသည်။
ကျောင်းတည်ထောင်အုပ်ချုပ်သူများဖြစ်သော ဦးကိုကို၊ ဒေါက်တာဖြူဖြူစိန်၊ ဒေါက်တာဇင်မင်းကိုနှင့် ဒေါက်တာပြည့်ဖြိုးကိုတို့က ဩဝါဒချီးမြှင့်ကာ ဆုတောင်းပဏ္ဏာပြုခဲ့ကြသည်။ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ညိုကလည်း မင်္ဂလာဗုဒ္ဓတရားတော်များနှင့်အညီ ဆုံးမဩဝါဒများ မိန့်ကြားခဲ့သည်။
အစီအစဉ်အတွင်း ဆရာတစ်ဦးချင်းစီက ဆုပေးခြင်း၊ အသိပညာဆိုင်ရာ ဩဝါဒများ ပြောကြားခြင်းနှင့်အတူ ရင်းနှီးစွာ စကားများပြောကြသည်။ အထူးအစီအစဉ်အဖြစ် ဆရာဆရာမများအတွက် ဗလာမပါကံစမ်းမဲ ဖောက်ပေးခဲ့ကြသည်။
အခမ်းအနားပြီးဆုံးချိန်တွင် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီးနောက် ကျောင်းသားကျောင်းသူများနှင့် ဆရာဆရာမများသည် ကြက်ဆီထမင်း အတူတကွ သုံးဆောင်ခဲ့ကြသည်။ နောက်ပိုင်းတွင် အမှတ်တရဓာတ်ပုံများ ရိုက်ကူးကာ သီချင်းဖျော်ဖြေမှုများဖြင့် အခမ်းအနားကို ရုတ်သိမ်းခဲ့ကြသည်။