မိသားစုကိုယ်ပိုင်အထက်တန်းကျောင်း News Update 2
မိသားစုကိုယ်ပိုင်အထက်တန်းကျောင်း (မကွေး) ၏ ၂ဝ၂၄-၂ဝ၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်ကျောင်းသား ကျောင်းသူများ စုပေါင်း စီစဉ်သော အာစရိယပူဇော်ပွဲ ကို ၁၅.၇.၂ဝ၂၅ ရက်နေ့ နံနက် ၉ နာရီ တွင် မကွေး မိသားစုကိုယ်ပိုင်ကျောင်း (ဘုရင့်နောင် ခန်းမ) ၌ ကျင်းပခဲ့သည်။ အခမ်းအနားစတင်ဖွင့်လှစ်ရာ၌ ကျောင်းသား တစ်ဦး၊ ကျောင်းသူတစ်ဦးက အခမ်းအနားဖြစ်မြောက်ရေး ကြိုးစားဆောင်ရွက်ခဲ့ရကြောင်း ရှင်းလင်းတင်ပြသည်။ ထို့နောက် ဆရာ၊ဆရာမ များ အား ကန်တော့ချိုးဖြင့် ညီညာဖြဖြ ဦးချ ကန်တော့ခဲ့ကြသည်။ ယင်းနောက် ကျောင်းတည်ထောင်အုပ်ချုပ်သူ ဦးကိုကို ၊ ဒေါက်တာဖြူဖြူစိန် ၊ ဒေါက်တာ ဇင်မင်းကို ၊ ဒေါက်တာ ပြည့်ဖြိုးကို တို့က ဩဝါဒ ချီးမြှင့်ကာ ဆုတောင်းပဏ္ဏာပြုခဲ့သည်။ ကျောင်း တည်ထောင်အုပ်ချုပ်သူ ဒေါက်တာ ဇင်မင်းကိုက ဆရာသမားကို ပူဇော်ခြင်းသည် မင်္ဂလာတရားတော်အရ ကောင်းမြတ်သော ကုသိုလ်ဖြစ်ကြောင်း ၊ ယခုကဲ့သို့ အခက်အခဲများကြားက အာစရိယ ဆရာသမားတို့ကို မမေ့မလျော်ပူဇော်ကန်တော့ခြင်းအား လေးလေးနက်နက် မှတ်တမ်းတင်အပ်ကြောင်း ပြောကြားသည်။ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ညိုက မင်္ဂလာ ဗုဒ္ဓ တရားတော်များနှင့်အညီ ဆုံးမဩဝါဒများ မိန့်ကြားကာ ဆုတောင်းမေတ္တာပို့သခဲ့သည်။ ဆရာတစ်ဦးချင်းစီကလည်း ဆုပေးခြင်း ၊ အသိပညာဆိုင်ရာ ဩဝါဒများ ပြောကြားခြင်းနှင့်အတူ ရင်းနှီးခင်မင်စွာ စကားများပြောကြသည်။ ထို့နောက် ကြားဖြတ်အစီအစဉ်အဖြစ် ဆရာဆရာမများအား ဗလာမပါကံစမ်းမဲ ဖောက်ပေးသည်။ အခမ်းအနားပြီးဆုံးသောအခါ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီးနောက် ကျောင်းသားကျောင်းသူများ နှင့် တကွ ဆရာ ဆရာမများက ကြက်ဆီထမင်း သုံးဆောင်ခဲ့ကြသည်။ နေ့လယ်စာ ကြက်ဆီထမင်း သုံးဆောင်ပြီးနောက် အမှတ်တရအဖြစ် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ကျောင်းသားကျောင်းသူများက မိမိတို့စိတ်ကြိုက် သီချင်းများဖြင့် ဖျော်ဖြေကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။