မိသားစုကိုယ်ပိုင်အထက်တန်းကျောင်း (မလှိုင်) ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်ကျောင်းသား ကျောင်းသူများ စုပေါင်းစီစဉ်သော အာစရိယပူဇော်ပွဲကို ၅.၉.၂၀၂၅ ရက်နေ့ နံနက် ၉ နာရီတွင် မလှိုင် မိသားစုကိုယ်ပိုင်ကျောင်း အနော်ရထာခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကျောင်းသားကျောင်းသူများက ဆရာ ဆရာမများအား ကန်တော့ချိုးဖြင့် ညီညာစွာ ဦးချကန်တော့ခဲ့ကြသည်။ ယင်းနောက် ကျောင်းတည်ထောင်အုပ်ချုပ်သူများဖြစ်သော ဒေါက်တာ ဇင်မင်းကိုနှင့် ဒေါက်တာ ပြည့်ဖြိုးကိုတို့က ဆုံးမဩဝါဒစကား ပြောကြားခဲ့ကြသည်။
ကျောင်းအုပ်ဆရာမကြီး ဒေါ်အမာစိန်ကလည်း ဆုံးမဩဝါဒများ မိန့်ကြားကာ ဆုတောင်းမေတ္တာပို့ခဲ့သည်။ ထို့နောက် ဆရာတစ်ဦးချင်းစီက ဆုပေးခြင်း၊ အသိပညာဆိုင်ရာ ဩဝါဒများ ပြောကြားခြင်းနှင့်အတူ ရင်းနှီးခင်မင်စွာ စကားများပြောကြသည်။
အခမ်းအနားအပြီးတွင် ဆရာဆရာမများနှင့် ဝန်ထမ်းများအား ကန်တော့ငွေနှင့် စားစရာများ ပေးအပ်ခဲ့ကြပြီး၊ ကျောင်းသားကိုယ်စားလှယ်တစ်ဦးကလည်း အခမ်းအနားဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ခဲ့ကြသည့် ဆရာဆရာမများနှင့် ဝန်ထမ်းများကို ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
နောက်ဆုံးတွင် ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများသည် ကြက်ဆီထမင်း၊ ရေခဲမုန့်နှင့် ကိတ်မုန့်များကို အတူတကွ သုံးဆောင်ခဲ့ကြပြီး ပျော်ရွှင်ဖွယ်ကောင်းသော အမှတ်တရနေ့တစ်နေ့အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ကြသည်။