🎃 Halloween
အောက်တိုဘာလက နိုဝင်ဘာလဆီ အကူးအပြောင်းမှာ ရာသီဥတုဟာ ဆောင်းဦးပေါက်ကနေ ဆောင်းရာသီ သိသိသာသာ ဖြစ်လာပြီး အနောက်တိုင်းဒဏ္ဍာရီတချို့မှာတော့ ဒီကာလကို ရှင်ခြင်းနဲ့ သေခြင်းကြားကာလ လို့ သတ်မှတ်ထားပါတယ်။ အဲဒီအချိန် အောက်တိုဘာလ ၃၁ ရက်မှာပဲ သရဲပွဲတော်လို့ ခေါ်ကြတဲ့ ဟောလိုးဝင်း (Halloween) ပွဲကို ကျင်းပကြတာပဲ ဖြစ်ပါတယ်။ ခရစ်နှစ်တွေ မတိုင်ခင် ကာလတွေ ကတည်းက ဟောလိုးဝင်းရဲ့ အစလို့ ခေါ်ရမယ့်၊ ဆမ်ဟိန်း (Samhain) ပွဲတော်လို့ ခေါ်တဲ့ ပွဲတော်တစ်ခုကို ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။အဲဒီ အချိန်ကာလ ရောက်လာပြီဆိုရင် သေသူတွေ နေထိုင်တဲ့ ဝိဉာဉ်လောကနဲ့ လူ့လောက ကြားက အရံအတားတွေက ကွယ်ပျောက်ပြီး သေပြီးတဲ့ မိစ္ဆာတွေရော၊ နတ်တွေရောဟာ လူ့လောကထဲ ဝင်လာတတ်ကြတယ်လို့ အယူအဆ ရှိပါတယ်။ မကောင်းဆိုးရွားတွေကို နှင်ထုတ်ဖို့ ရည်ရွယ်ချက်နဲ့ ဒီပွဲတော်မှာ လူတွေက မီးပုံတွေ ပုံပြီး ၊ ဝတ်စုံတွေ ဝတ်ပြီး လှည့်လည်သွားလာကြပါတယ်။ နှောင်းပိုင်းမှာတော့ သေပြီးသူတွေထဲက အာဇာနည်တွေ၊ သူတော်ကောင်းတွေကို သတိရတဲ့ အနေနဲ့ ပွဲတော်တွေ ကျင်းပတာမျိုးကိုလည်း ဒီရက်ပိုင်းတွေမှာ ပြုလုပ်လာကြပါတယ်။ ကာလကြာရှည်လာတဲ့ အခါမှာတော့ ဟောလိုဝင်းဟာ ပျော်ပွဲရွှင်ပွဲသက်သက်သာ ဖြစ်လာပြီး သရဲတစ္ဆေအဝတ်အစားတွေနဲ့ ပါတီပွဲတွေ ၊ စားသောက်ပွဲတွေ ပြုလုပ်လာကြတဲ့ အချိန် ရောက်လာခဲ့ပါတယ်။ အနောက်တိုင်းမှာ Trick or Teat ဆိုတဲ့ အစဉ်အလာလေး တစ်ရပ်လည်း ရှိပါတယ်။ ကလေးသူငယ်တွေဟာ သရဲတစ္ဆေတွေလို ဝတ်ဆင်ပြီး အိမ်တွေကို တံခါးလိုက်ခေါက်ပြီးတော့ “ Trick or Treat ? “လို့ မေးတတ်ကြပါတယ်။ အိမ်ရှင်တွေက မုန့်မကျွေးဘူးဆိုရင် အိမ်ရှင်တွေကိုပဲ ဖြစ်ဖြစ်၊ အိမ်က ပစ္စည်းတွေကိုပဲ ဖြစ်ဖြစ် ထိခိုက်အောင် အပျော်သဘော ဒုက္ခပေးမယ်ဆိုတဲ့သဘောပါ။ ကျွန်တော်တို့ဆီက ကျီးမနိုးပွဲ (သူခိုးကြီးည ) ပုံစံမျိုးနဲ့ နီးစပ်တယ်လို့ ပြောမယ်ဆို ပြောလို့ရပါတယ်။ ဒါပေမယ့် အိမ်တွေကတော့ မုန့်ကျွေးတာ များပြီး၊ တချို့အိမ်တွေမှာဆို မုန့်လာတောင်းလို့ ရတယ်ဆိုတဲ့ သဘောနဲ့ ဟောလိုဝင်းအပြင်အဆင်တွေ ကပ်ထားပါတယ်။ နောက်ပိုင်းတွေမှာတော့ “ Trunk-or-Treat” ဆိုပြီး ကျင်းပပုံ အသစ်တစ်ခု အမေရိကန်နဲ့ ကနေဒါမှာ ခေတ်စားလာပါတယ်။ ကားနောက်ဖုံးကို ဖွင့်ပြီး ကလေးတွေ ယူဆောင် စားသောက်နိုင်မယ့် မုန့်တွေ၊ ကစားနိုင်မယ့် ကစားစရာလေးတွေ ချိတ်ထားပေးတာပဲ ဖြစ်ပါတယ်။