နာမည်ကျော် သရဲများအကြောင်း(မဖဲဝါ)
ခေတ်အဆက်ဆက် နာမည်ကြီးတဲ့ ပရလောကသားတွေထဲမှာ မဖဲဝါလို့ ပြောလိုက်တာနဲ့ မသိသူ မရှိသလောက်ပါပဲ။ “မဖဲဝါကို သိလား” လို့မေးရင် သိတယ်ချည်းပဲ ဖြေကြမှာပါ။ ဒါပေမဲ့၊ "မဖဲဝါရဲ့ ဇာတ်ကြောင်း အတိအကျကို သိလား" လို့မေးရင်တော့ အဖြေပေါင်းစုံထွက်လာပါလိမ့်မယ်။ တကယ်လည်း သူ့အကြောင်းက ခေတ်တစ်ခေတ်ကို တစ်မျိုးစီပြောင်းလဲနေတာကိုး။ (၁၉၈၀) ခုနှစ်ဝန်းကျင် ကာလလောက်တုန်းက ရွာတွေထဲကို မဖဲဝါဝင်တယ်လို့ သတင်းတွေ ကြားကြတယ်။ (၁၉၉၀) လောက်တုန်းက မဖဲဝါကြောင့် ကလေးအသားခါးသည် ခွေးအသားချိုသည်ဆိုပြီး အိမ်တွေမှာ စာတွေရေးကြတယ်လို့ သတင်းတွေ ပျံ့ခဲ့တယ်။ တချို့က မဖဲဝါက အခေါင်းကြီးထမ်းလာတယ်၊ အဲဒီအခေါင်းကြီး အိမ်ရှေ့ချခံရတဲ့အိမ်က လူတစ်ယောက် မကြာခင်ဆုံးပါးမယ်ဆိုပြီး ပါးစပ်ရာဇဝင်တွေလည်း ရှိသေးပါ့။ မဖဲဝါရဲ့ နာမည်အရင်းတွေကလည်း ပါးစပ်ရာဇဝင်တစ်ခုမှာ နာမည်တစ်မျိုးစီ ... ။ တချို့က မဖဲဝါဟာ ပင်းယခေတ်လောက်က စတင်ပေါ်ပေါက်လာတယ်လို့ ပြောကြသလို တချို့ကျတော့လည်း ကုန်းဘောင်မင်းဆက်ရဲ့ သတ္တမမြောက် ဘကြီးတော်(စစ်ကိုင်းမင်း) လက်ထက်မှာ စတင်တယ်လို့ ဆိုကြပြန်တယ်။ တချို့ကျတော့လည်း မဖဲဝါဟာ သူ့ရဲ့ နာမည်အရင်းဖြစ်ပြီး အစ်ကိုဖြစ်သူက မောင်ကြံဆစ်တဲ့။ နောက်ပိုင်းမှာ မင်းပြစ်မင်းဒဏ်ကြောင့် ထွက်ပြေးရင်း မသဲအူနဲ့ မောင်စံမှဲ့ဆိုပြီး နာမည်ပြောင်းထားတာတဲ့။ တချို့ကျတော့လည်း နာမည်အရင်းက နန္ဒာဒေဝီ ဖြစ်ပြီး အစ်ကိုဖြစ်သူရဲ့ နာမည်အရင်းကလည်း ဖိုးစံမှဲ့ဖြစ်ပြန်ရော။ ပိုပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ပါးစပ်ရာဇဝင်တစ်ခုလည်း ရှိသေးတယ်ဗျ။ အဲဒါကတော့ လက်ရှိမဖဲဝါဟာ ခင်မေစက်ဆိုတဲ့ အမျိုးသမီးတဲ့။ အရင် မဖဲဝါ နန္ဒာဒေဝီ ဟာ ကျွတ်လွတ်သွားပြီး ခင်မေစက်ကတော့ မဖဲဝါဆိုတဲ့ ဘွဲ့ကို ခံယူထားတာတဲ့။ ဒီလို ဒီလို မဖဲဝါရဲ့ သမိုင်းကြောင်းဟာ ခေတ်အဆက်ဆက် ပြောင်းလဲလာခဲ့ပါတယ်။ သေချာတာကတော့ မဖဲဝါက သုသာန်စောင့်၊ သုသာန်ကို အပိုင်စားရထားသူ၊ သူ့ပိုင်နက်ထဲရောက်တဲ့ ဘယ်ပရလောကသား၊ လူသားမဆို သူဆုံးမနိုင်တယ်ဆိုတဲ့ နောက်ခံဇာတ်လမ်းကတော့ ဆင်ကြတယ်။ ခေတ်အဆက်ဆက် စာရေးဆရာတွေကလည်း မဖဲဝါအကြောင်းကို ပုံစံအမျိုးမျိုး၊ ဇာတ်အိမ်အမျိုးမျိုးနဲ့ ရေးကြ၊ ခြောက်လှန့်ကြတယ်။ အရင်ခေတ် စာရေးဆရာတွေကတော့ မဖဲဝါကို ကြောက်စရာကောင်းတဲ့ သုသာန်စောင့်အဖြစ် ရေးသားခြောက်လှန့်ခဲ့ကြတယ်။ မဖဲဝါကြောင့် ရွာပျက်တဲ့ အဖြစ်အပျက်တွေ၊ အခေါင်းထမ်းလာတဲ့ မဖဲဝါကို မြင်မိလို့ ကံဆိုးသွားသူတွေ၊ သုသာန်မှာ မပြုလုပ်သင့်တာကို ပြုလုပ်မိလို့ ဒုက္ခရောက်ကြသူတွေအကြောင်းကို ကျွန်တော်တို့ ငယ်စဉ်က ကျောတချမ်းချမ်းနဲ့ ဖတ်ခဲ့ကြရတယ်။ ဒီနေ့ခေတ်မှာတော့ မဖဲဝါရဲ့ ဇာတ်လမ်းက တစ်မျိုးပြောင်းသွားပြန်တယ်။ ခေတ်နဲ့ အညီ ဇာတ်လမ်းတွေဟာ ဆန်းသစ်လာခဲ့တယ်။ အဲဒီထဲမှာမှ ဆရာတာတေရဲ့ ဇာတ်လမ်းတွေကို လူသိပိုများမှာပါ။ ပထမဆုံး မဖဲဝါက အသက် (၄၄) နှစ်မှာ သေဆုံးခဲ့ရတယ်တဲ့။ မဖဲဝါက သူရဲ့ခေါင်းတလားကို အစောင့်နဲ့ ထားထားတယ်၊ နောက်ပြီး မဖဲဝါရဲ့လက်ဝါးစာမိတဲ့ ဘယ်ပရလောကသား၊ ဘယ်လိုလူ၊ ဘယ်လိုပညာသည်မဆို သွေးပွက်ပွက်အန်ရတာပါပဲ။ ပိုစိတ်ဝင်စားဖို့ကောင်းတာက မဖဲဝါမှာ သားရှိသတဲ့။ ဒါကတော့ တကယ်ကိုအံဩစရာပဲ … ပြီးတော့ မဖဲဝါမှာ ကိုယ်တူကိုယ်ခွဲ အရုပ်လည်းရှိသလို တာတေ အကူအညီတောင်းရင် အိပ်မက်ပေးလေ့ရှိတယ်။ ဘယ်လိုပဲပြောပြော အရင်ခေတ်ပဲဖြစ်ဖြစ်၊ အခုခေတ်ပဲဖြစ်ဖြစ် မဖဲဝါရဲ့ ဇာတ်လမ်းတွေက စိတ်ဝင်စားဖို့ ကောင်းနေတာပါပဲ ။